(၅.၅.၂၀၁၂) ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညနေခင်း၌ ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် အင်းမ)နှင့် တပည့် ဒကာ ဒကာမ များက ဓမ္မရဝေ တောရကျောင်း အတွင်းရှိ ဗောဓိညောင်ပင် နှစ်ပင်ကို ညောင်ရေ သွန်းပွဲ ပြုလုပ်ခဲ့ကြပါသည်။ ဗောဓိညောင်ပင် နှစ်ပင်မှာ တစ်ပင်က ဆရာတော် အရှင်ဆန္ဒာဓိ (ရွှေပါရမီတောရ) စိုက်ပျိုးပေးခဲ့ပြီး တစ်ပင်ကတော့ ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်အင်းမ) စိုက်ပျိုးပူဇော် ပေးခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီနောက် ကြွရောက်လာကြသော ဒကာ ဒကာမ အပေါင်းတို့ကို မနှင်း(ရွှေသဇင် ကဖီး) မိသားစုတို့မှ အအေး၊ ရေခဲမုန့် ၊ကိတ်မုန့် ၊ ဝေဖာ မုန့်တို့ဖြင့် ကျွေးမွေးလှူဒါန်း ခဲ့ကြပါတယ်။ မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှု၍ အများသူဌာ သာဓုခေါ်ဆိုနိုင်ကြပြီး ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေ...

မှတ်တမ်းဓာတ်ပုံများ -

ဆက်လက်ကြည့်ရှုရန်...

Read more...

စာရေးသူရဲ့ အမှာစာ

        'စိတ်ညစ်ရင် ရေချိုးပါ' ထွက်ပြီးစမှာပဲ ဦးဇင်း အရှင်ဆန္ဒဓိက က ''နောက် ဘာခေါင်းစဉ်နဲ့ ရေးမလဲ''လို့ မေးလာပါတယ်။ စာရေးသူက ချက်ချင်းပါပဲ ''ရဝေနွယ်(အင်းမ)အသစ်''လို့ ဖြေလိုက်ပါတယ်။ ရေးမယ့် အကြောင်းအရာကိုလည်း ပြောပြလိုက်ပါတယ်။ ဒီတော့ ဦးဇင်းအရှင်ဆန္ဒာဓိက က  ''အင်းမကို ဖြုတ်လိုက်ပါလား၊ 'ရနွေယ်အသစ်'ဆို ပိုမကောင်းဘူးလား''လို့ အကြံပြုပေးပါတယ်။ ဒါကြောင့် ''ရဝေနွယ်အသစ်'' လို့ပဲ အမည်ပေးလိုက်ပါတယ်။

        ဒါပေမဲ့လည်း နှစ်နှစ်သာ ကျော်သွားတယ်၊ စာတစ်ကြောင်း တောင် မရေးနိုင်ခဲ့ပါဘူး။ ကျောင်း တိုက်တည်ထောင်စရဲ့ အလုပ်တွေ ဖြစ်တဲ့ အဆောက်အအုံ, လမ်း, သစ်ပင်, ရေမြောင်း စသည်တွေကို မကျွမ်းကျင်ဘဲနဲ့ ကိုယ်တိုင် စီမံနေရလို့ပါ။ (

        ၂၉ . ၆ . ၂၀၁၁) နေ့မှာတော့ ဓမ္မရဝေတောရရဲ့ ကျောင်းဒကာမကြီး လည်းဖြစ်, စာရေးသူရဲ့ ရဟန်း ဒကာမကြီး လည်းဖြစ်တဲ့ ဒကာမကြီး ဒေါ်မြသိန်းက အမေရိကားကို ဆေးပြဖို့ ပင့်သွားပါတယ်။ ရောက်စတစ်လ ခွဲလောက်မှာတော့ ဆေးပြနေရလို့ စာမရေးဖြစ်ပါဘူး။ တစ်လခွဲ နောက်ပိုင်းမှပဲ နေမကောင်းတဲ့ကြားက ရေးဖြစ်သွားပါတယ်။ တကယ် ချရေး လိုက်တော့လည်း စာတွေက ဝေါကနဲ ဝေါကနဲနဲ့ မထင်မှတ်ဘဲ ထွက်လာခဲ့ ပါတယ်။
         ဒါပေမဲ့ ခက်တာက စာရေးသူရဲ့ လက်ရေးတွေက တော်တော်ဆိုး ပါတယ်။ လူတိုင်း မဖတ်နိုင်ပါဘူး။ မြန်မာပြည်မှာဆို ဗဂျီလင်းဝဏ္ဏရဲ့  ညီအငယ်လေးကတော့ ဖတ်နေကျမို့ စာမူပေးလိုက်တာနဲ့ ကောင်းကောင်း စီပေးနိုင်ပါတယ်။ ပထမစိတ်ကူးက အမေရိကားမှာ ရေးခဲ့ပြီး မြန်မာပြည် ပြန်ရောက်မှပဲ အငယ်လေးကို စာစီခိုင်းတော့မယ်လို့ စိတ်ကူးထားတာပါ။
         ဒါကို အမေရိကားမှာရှိတဲ့ ဘုန်းကြီး ဦးသိရိန္ဒ (www.ashinsirinda.com)က သိသွားပြီး သူ ဓမ္မဒါန ပါရမီဖြည့်ချင် ပါတယ်လို့ အမိန့် ရှိလာပါတယ်။ စာရေးသူရဲ့ လက်ရေးကို ဖတ်လို့မရမှန်း သိတော့ အသံသွင်းပြီး ဘုန်းကြီးဦးသိရိန္ဒ သီတင်းသုံးရာ ပေါ့တလန်မြို့ကို အင်တာနက်ကပဲ လှမ်းပို့လိုက်ပါတယ်။ ဒါပေမဲ့ သတ်ပုံတို့၊ မျက်တောင် အဖွင့်အပိတ်တို့၊ ကော်မာတို့၊ ပုဒ်ထီး ပုဒ်မတို့၊ စာပိုဒ်ခွဲ တာတို့ကျတော့ ခက်နေပြန်ရော။

Read more...

လွန်းထားထား (ဆေးတက္ကသိုလ်)ရဲ့ “လွန်းထားထားအသစ်” အမှာစာ

        “အသစ်” ဆိုတဲ့အရာကို လူတိုင်း မက်မော သဘောကျ တတ်ကြတာ သဘာဝပါ။ နှစ်ဟောင်း တစ်နှစ် ကုန်ဆုံးလို့ “နှစ်သစ်” တစ်နှစ် စတင်ပြီဆိုတိုင်း လူတိုင်း ရင်ထဲမှာ တူညီတဲ့ စိတ်ခံစားမှု တစ်မျိုးက မတိုင်ပင်ရပါဘဲ အလိုအလျောက် ကိန်းဝပ်လာတတ် စမြဲပါ။ အဲ့ဒီ ခံစားမှုက နှစ်သစ်မှာ လူအသစ် စိတ်အသစ်နဲ့ ဘဝအသစ်တစ်ခု ပြန်စမယ်ရယ်လို့ ကိုယ့်ကိုယ်ကို ကတိကဝတ် အသစ်တွေ ပေးနေမိတာပါပဲ။
         ကျွန်မ ကိုယ်တိုင်လည်း “အသစ်... အသစ်” ဆိုတဲ့ အရာတွေကို မက်မော တန်ဖိုးထား တတ်ပါတယ်။ ပိုက်ဆံကလေးတွေ ကိုင်ရင်တောင်မှ အသစ်ကျပ်ချွတ် ကလေးတွေဆိုရင် စိတ်ကလေး ချမ်းသာ၊ ပီတိကလေး ဖြာလို့ပါ။ အဝတ်အစား အသစ်ကလေးတွေ၊ အသုံးအဆောင် အသစ်ကလေးတွေ ဆိုလည်း တယုတယနဲ့ တန်ဖိုးထား တွယ်တာ မြတ်နိုးလိုက်ရတာ အမောပါ။ စာရေးရင်လည်း စာရွက်အသစ် ဖြူဖြူစင်စင် ကလေးနဲ့ရေးရမှ စိတ်ချမ်းသာ ကျေနပ် တတ်သူပါ။
         အဲဒီလို အသစ်မှ မက်မော တန်ဖိုးထားမိတတ်တဲ့ ကျွန်မက ကိုယ့်ရဲ့ စိတ်ကလေးကိုရော နေ့တိုင်း အသစ်ဖြစ်နေအောင် တတ်နိုင်သရွေ့ ကြိုးစား အားထုတ် နေမိတတ်ပြန်ပါတယ်။ စိတ်ကလေး အမြဲသစ်နေဖို့ သတိကလေးတော့ အမြဲမပြတ် ရှိနေရပါတယ်။ သတိကလေး လွတ်သွားမိပြီ ဆိုတာနဲ့ ကိုယ့်ရဲ့ ဖြူစင်ကြည်လင် နေတဲ့ စိတ်အသစ်ကလေးဆီမှာ မာနအရောင်၊ လောဘအရောင်၊ ဒေါသအစွန်း၊ မောဟအညစ်တွေ ချက်ချင်း ကပ်ငြိတာခံရပြီး စိတ်အသစ်ကလေးက ချက်ချင်းပဲ ဟောင်းနွမ်း ညစ်ထေး သွားတတ်ပါတယ်။ သတိရတိုင်း သတိကလေးနဲ့ ပြန်ဆေးကြော သန့်စင်ဖို့ ကြိုးစားရပါတယ်။ သန့်စင် သွားတဲ့အခါလည်း ရှိသလို အမေ့မေ့ အလျော့လျော့နဲ့ ညစ်နွမ်း ညှိုးလျော် သွားခဲ့သမျှကို အချိန်လွန်မှ ပြန်ဆင်ခြင် သတိထားမိတာလည်း ရှိခဲ့ပါတယ်။
         မှတ်မှတ်ရရ ဆရာတော် ဦးဇောတိက၊ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ ဆရာတော် ရဝေနွယ်(အင်းမ) တို့ရဲ့ ဓမ္မစာပေများက ကျွန်မကို ဘဝနေနည်းများစွာ သင်ကြား ညွှန်ပြပေးခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်ကလေးတွေ ညစ်နွမ်း ဟောင်းနွမ်း သွားတော့မယ် ကြံတိုင်း ဆရာတော်တို့ရဲ့ ဆုံးမ သတိပေး စာကလေးတွေနဲ့ ကျွန်မရဲ့ စိတ်ကလေးကို အသစ်ပြန်ဖြစ်အောင် ပြန်လည် ဆေးကြောသန့်စင် ရစမြဲပါ။

Read more...

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)ရဲ့ “အရှင်ဆန္ဒာဓိက အသစ်” အမှာစာ

အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)

       “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ကွန်ပျူတာစာလုံးလေးစီ၊ အနေတော် ကတ်ပြားလေးထုတ်၊ ပလတ်စတစ်လေး လောင်းပြီး စာရေးစားပွဲရှေ့က ကျောင်းတိုက်မကြီးရဲ့ နံရံကပ်ပစ္စည်းတင် စင်လေးပေါ်မှာ မြင်သာထင်သာ ထောင်ထားရရင် ကောင်းမလားလို့ ခုတစ်လော မကြာခဏ တွေးနေ မိပါတယ်။  လုပ်ချင်တဲ့ အလုပ်တွေ အများကြီးထဲက အလုပ်သင့်ဆုံး အလုပ်ကိုပဲ အဓိက ဦးစားပေးလုပ် ဖြစ်သွားဖို့နဲ့ လုပ်သင့်တဲ့ အလုပ်တွေ အများကြီးထဲက အလုပ်ချင်ဆုံး  အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်နေဖို့ အတွက်ပါ။

       တိကျပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ရဲ့ အဓိကအလုပ်ကို ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ် လုပ်ဖြစ်နေချင်လို့ “အရှင်ဆန္ဒာဓိက အသစ် ဘယ်တော့များ  ဖြစ်လာမလဲ” လို့ တွေးတွေးနေမိတာ နေ့စဉ်နေ့တိုင်းပါပဲ။

        “အရှင်ဆန္ဒာဓိက အသစ်” ဆိုတဲ့ စကားလုံးလေးကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စပြောဖြစ်ခဲ့တာပါ။ ၂-၂-၂၀၀၂ ဆိုတော့ (၂)လေးလုံးနေ့ကပေါ့။ အဲ့ဒီနေ့က နီပေါနိုင်ငံ၊ ခတ္တမန္ဒူလေဆိပ်ကနေ လုမ္ဗိနီလေဆိပ်ကို ဦးတည်ပျံသန်း လာတဲ့ စာရေးသူတို့ရဲ့ တွင်အော်တာ အမျိုးအစား လေယာဉ်ငယ်လေးကို ပြင်းအားများတဲ့  မိုးကြိုး ထိမှန်ခဲ့ပါတယ်။ လေယာဉ်ကို မိုးကြိုးပစ်ပြီလို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် လေယာဉ်ပေါ်က ရွှေပါရမီအဖွဲ့သားတွေ လက်အုပ်ကိုယ်စီချီပြီး ဘုရားစာ ရွတ်လိုက်၊ ဘုရားဂုဏ်တော် ပွားလိုက်နဲ့  အားလုံး သတိအနေအထားဖြစ် သွားပါတယ်။ လေယာဉ် ဘယ်အချိန် မီးလောင်ပြီး ပျက်ကျမလဲ ဆိုတဲ့အတွေးနဲ့ အားလုံးပဲ တိတ်ဆိတ်ငြိမ်သက်စွာ...။ တစ်ယောက်မျက်နှာတောင် တစ်ယောက်မကြည့်မိကြ။ ကိုယ့်တရား  အာရုံလေးနဲ့ ကိုယ်၊ ကိုယ့်ကုသိုလ်အာရုံလေးနဲ့ ကိုယ်သေဖို့ အသင့်အနေအထား ပြင်ဆင်ခဲ့ကြ ပါတယ်။

Read more...

သစ်ပင်စိုက်ပြီးရင် ရေလောင်းပါ  
ရဝေနွယ် (အင်းမ)

        မြတ်စွာဘုရား လက်ထက်တော်က အညတရာအမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။     အညတရာဆိုတာ မထင်ရှားတဲ့သူလို့ အဓိပ္ပါယ်ရပါတယ်။ သူက မိထွေးတော် ဂေါတမီဆီမှာ အလုပ်အကျွေး အပျိုတော်အဖြစ် အမှုထမ်းပါတယ်။ မိထွေးတော်ဂေါတမီ ရဟန်းပြုသွားတဲ့ အခါမှာလည်း သူက သခင်မနဲ့အတူ လိုက်ပြီးရဟန်းပြုခဲ့ပါတယ်။ ရဟန်းပြုတော့လည်း  အညတရာထေရီလို့ပဲ  နာမည်တွင်ခဲ့ပါတယ်။   သခင်မကို သံယောဇဉ်ရှိလို့ လိုက်ပြုတာ ဖြစ်တဲ့အတွက် သာသနာမှာ မပျော်ခဲ့ပါဘူး။ နှစ်ဆယ့်ငါးနှစ်ပတ်လုံး ကာမရာဂစိတ်တွေ နှိပ်စက်နေတဲ့အတွက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် စာလောက်တောင် သမာဓိမရဘူးလို့ ဆိုပါတယ်။ စိတ်တွေက အိမ်ရာ တည်ထောင် ကာမဂုဏ်ဘက်ကိုပဲ ညွတ်နေခဲ့ပါတယ်။
       တစ်နေ့မှာတော့ ကာမရာဂစိတ်တွေ နှိပ်စက်လွန်းလို့ လက်မောင်းနှစ်ဘက်ကို မြှောက်ပြီး ငိုကြွေးရင်း ဓမ္မဒိန္နာထေရီဆီ ပြေးသွားပါတော့တယ်။ ဓမ္မဒိန္နာထေရီဆီရောက်တော့ ကာမရာဂစိတ်တွေ နှိပ်စက်လို့ ငိုရတဲ့ အကြောင်းလျှောက်ပြပါတယ်။ ဒီတော့ဓမ္မဒိန္နာထေရီကခန္ဓာ, အာယတန, ဓာတ်တရားစကားတွေ ဟောပေးခဲ့ ပါတယ်။ အညတရာထေရီလည်း ဆိတ်ငြိမ်ရာ အရပ်ကိုသွားပြီး ဓမ္မဒိန္နာထေရီ သင်ပေးလိုက်တဲ့ ကမ္မဋ္ဌာန်းနည်း အတိုင်း ကြိုးစား အားထုတ်ပါတော့တယ်။ နေ့ညမပြတ် ကြိုးစား အားထုတ်လိုက်တာ မကြာခင်ကာလမှာပဲ အာသဝေါကုန်ခမ်းပြီး အဘိဉာဏ် ခြောက်ပါးနဲ့တကွ ရဟန္တာမ ဖြစ်သွားပါတော့တယ်။ ရဟန္တာမဖြစ်သွားတော့  သူ့ဘဝ ဇာတ်ကြောင်း ဖြစ်စဉ်တွေကို ဂါထာလေးတွေနဲ့ ပြန်ဟောပြပြီး မှတ်တမ်းတင်ခဲ့ပါတယ်။
(ထေရီအဋ္ဌကထာ၊ စာမျက်နှာ ၇၈-၇၉)

Read more...

ya12
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday13
mod_vvisit_counterYesterday52
mod_vvisit_counterThis week368
mod_vvisit_counterLast week387
mod_vvisit_counterThis month983
mod_vvisit_counterLast month1544
mod_vvisit_counterAll days18580

Who's Online

We have 1 guest online